ဝက်လက်မြို့ မဈေး ကို မနက်တိုင်း ဈေး လာ ဝယ်တဲ့ ဥစ္စာစောင့်မလေး

ဝက်လက်မြို့ မဈေး ကို မနက်တိုင်း ဈေး လာ ဝယ်တဲ့ ဥစ္စာစောင့်မလေး အကြောင်း

ကယ်ကြပါအုံးတော်…ကယ်ကြပါ အုံးတော်အော်သံကြားလို့ ကြည့် လိုက်တာ အဖေ့ညီမ ဒေါ်လေး ဖြစ်သူ ဒေါ်လုံးယဉ် (ခေါ်) ဒေါ်စပ် ရဲ့ အော်သံ ဖြစ်နေပါတယ်။ဒေါ်လေးအိမ်ကို သွားကြည့် လိုက်တော့ အိပ်ယာထဲမှာ သတိမေ့ပြီးနေပါတယ်။အိမ်နီးပတ်ဝန်းကျင်မှ လူကြီးများ လူငယ်များလဲ ဝိုင်းအုံလာပြီး ယပ်ခပ်သူ ယပ်ခပ်၊နှိပ်နှယ်ပေးသူပေးနှင့် ဝိုင်းအုံနေပါတယ်။

ဆရာဝန်သွားခေါ်ဖို့နဲ့ ရွာဦး ဘုန်းတော်ကြီးပင့်လျောက် ဖို့ပြောနေကြတာကိုလည်း ကြားနေရပါတယ်။ မကြာခင် မြို့မှ ဆရာဝန်ကြီးရောက်လာပြီး လိုအပ်တာလုပ်ဆောင်ပေးပါတယ်။ဒေါ်လေး သတိရလာပါပြီ။ ဒေါ်လေးက သူ့အဖြစ်ကို အခုလို ပြောပြပါတယ်။

ကျမ ဒီနေ့မနက် အိပ်ယာက ထပြီး မြို့ကို ဈေးဝယ်သွားပါတယ်။ဈေးဝယ်ပြီးတော့ ပြန်အလာ ရွာအနောက် ဘက်မှာရှိတဲ့ ချမ်းသာကြီး ဘုရားနားရောက်တော့ “ရော့ပါအေ…ညည်းကို ချစ်လို့ပါအေ”ဆိုတဲ့အသံကိုကြားလို့ နောက် ကို လှည့်ကြည့်လိုက်တော့ အနီဝမ်းဆက် နဲ့ ရွှေလင်ပန်းကို ခေါင်းမှာ ရွက်ကာ ဆံပင်ဖွားလားချထားတဲ့ မိန်းကလေးဖြစ်နေတာကို တွေ့ရပါတယ်။

အဲ့ဒါနဲ့ ကျမလည်း ဘုန်းတော်ကြီးပြောတဲ့ ဥစ္စာစောင့် ဖြစ်မှာပဲ ဆိုပြီးနောက် လှည့်မကြည့်တော့ပဲ အိမ်ကို အော်ပြီးပြေး လာခဲ့ပါတယ်။အဲ့ဒါကတော့ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က ဖြစ်ရပ်မှန် ဇာတ်လမ်း တစ်ပုဒ် ဖြစ်ပါတယ်။ ဒေါ်လေး အခုအသက် ၇၂ နှစ် ရှိပါပြီ။သက်ရှိထင်ရှားရှိနေဆဲပါ။

ကျနော် ဒီဖြစ်ရပ်မှန်ဇာတ်လမ်းကို တင်ပြချင်ပင်မဲ့လည်း ဥစ္စာစောင့်တို့ ၊စုန်း၊တစ္ဆေ၊ သဘက် ကိစ္စတွေဟာ ခရီးသွားလာရာမှာ ဘုရားဂုဏ်တော်တွေ ကိုသာ အာရုံ ပြုပြီး သွားတတ် တဲ့ အကြောင်းများကြောင့် ဒီလို ကိစ္စမျိုးကို ရေးဖို့ အာရုံမရခဲ့ပါဘူး။

ဒါပင်မဲ့ ကိုယ့်မျက်စိနဲ့ မမြင်ရလို့ မရှိဘူး၊ မတွေ့ဘူးလို့တော့ ပြောလို့မရပါဘူး။ သာမန်မျက်စိနဲ့ မမြင်ရလို့ ပါဝါ မျက်မှန်နဲ့ တပ်ပြီး ကြည့်မှ မြင်ရတာတွေလဲ ရှိပါတယ်။ စာရေးဆရာ စစ်ကိုင်း ဦးဖိုးသင်းပြောတဲ့ စကားလိုပဲ ဒီလို ကိစ္စဆိုတာ ရှိတဲ့သူတော့ ရှိမှာပေါ့တဲ့။

ကျနော်တို့ ရွာဦး ဘုန်းတော်ကြီးပြောဖူးပါတယ်။ ရွာရဲ့ အနောက်ဖက် မှာရှိတဲ့ ရွှေမြင်တင် ဘုရားနဲ့ ချမ်းသာကြီးဘုရား နှစ်ဆူဟာ ဟံလင်း ပြူမင်း ပြုံးမင်း မောင်နှမ တစ်စု တည်ကြတဲ့ ဘုရားများဖြစ်ပါသတဲ့ဟံလင်းမြို့ဟောင်းကနေ လှမ်းမျှော်ကြည့်လိုက်ရင် ဒီဘုရားတွေ မြင်ရပါသတဲ့။တည်တုန်းက တစ်ချိန်တည်း တစ်ပြိုင် တည်း ပြီးအောင် တည်ကြတဲ့ ဘုရားတွေ ဖြစ်ပါတယ်။

အဲ့ဒါတွေကတော့ ဟံလင်း ရွှေဂူကြီး၊ရွှေမြင်တင်နဲ့ ဆင်းကွက်က ရွှေဂူကြီးဘုရားတွေ ဖြစ်ပါသတဲ့။ယခု ရွှေမြင်တင် မြတ်စွာဘုရားဟာ ဟံလင်းမှ ရွှေဂူကြီးဘုရား နဲ့ တစ်ပြိုင်တည်းပြီးစီးပါသတဲ့။ဟံလင်းမြို့ဟောင်းနဲ့ ၇ မိုင်လောက်ဝေးတဲ့ ဆင်းကွက်ရွာမှာ တည်တဲ့ ရွှေဂူကြီးဘုရားဟာ အချိန်မှီ ပြီးစီးမှု မရှိပါဘူးတဲ့။

အဲ့ဒါကြောင့် ပြီးစီးလေဟန် နဲ့ ဘုရားကို ပိတ်ဖြူပတ်ပြီး ပြထားလိုက်ပါသတဲ့။ခုချိန်ထိ အဲ့ဒီဆင်းကွက် ဘုရားပွဲ ဟာ ဘုရားပွဲ ကျင်းပတိုင်း ရုတ်ရုတ်သဲသဲ နဲ့ တစ်ခုခု ဖြစ်ရပါသတဲ့။ဒါကတော့ ဘုန်းတော်ကြီး ပြောပြဖူးတဲ့ အတွက်သိရတာပါ။

ဥစ္စာစောင့်နဲ့ ပတိသတ်ပြီး ရွာဦးဘုန်တော်ကြီးပြောပြ တာကတော့…နံနက်တိုင်း ဝက်လက်မြို့မဈေးသွားပြီးဈေးဝယ်လေ့ရှိကြောင်း ၊လူတွေလို ဝတ်စားထားလို့ ဥစ္စာစောင့်မှန်း မသိကြ တာဖြစ်ကြောင်း၊ ဘုန်းကြီးကို အိမ်မက်ပေးပြီး ငွေလှူ လေ့ရှိကြကြောင်း၊ အိမ်မက်အရ ချမ်းသာကြီးဘုရား အနီးမှာရှိတဲ့ ကျောက်တုံးအောက်မှာ လာယူပါဆိုလို့ နံနက်လင်းရင် သွားယူရကြောင်း၊ အဲ့ဒီငွေနဲ့ ဘုန်းကြီးက ဘုရား၊ကျောင်း ၊ကန်၊ ပြုပြင်ပြီး အမျှဝေပေးရကြောင်း၊ ဒကာမကြီးကို ချစ်လို့ပေးတာ ဖြစ်သောကြောင့် မယူလျှင် ဘာမှမဖြစ်ကြောင်း၊ လူစားလဲ ခံရတယ် ဆိုသည်မှာ မမှန်ကန်ပါကြောင်း ”

ဆရာတော် အမိန့်ရှိပါတယ်။ဒေါ်လေး စိတ်သက်သာရာ ရဖို့ ပြောသလားမသိပါ။ ကျနော် သူငယ်တန်းမှ စတုတ္ထတန်းအထိ ပညာသင်ခဲ့ရတဲ့ ကာလတွေမှာ ညနေကျောင်းဆင်း တိုင်းဘုရားပြင်ဖို့ အုတ်သယ်၊ ကျောက် ကောက်ခဲ့ရတာတွေကို ပြန်ပြီးသတိရမိပါတယ်။

ဒေါ်လေးကတော့ အဲ့ဒီဘုရားရှိတဲ့ လမ်းက ဈေးဝယ် မသွားတော့တာ ဒီနေ့ အထိပါပဲ။ ကျနော်တို့ ရွာက မြို့ ကို ဈေးဝယ် သွားရင် အထက်လမ်း အောက်လမ်း ဆိုပြီးရှိပါတယ်။ မြို့နဲ့ တစ်မိုင်လောက် ဝေးပါတယ်။ ဝက်လက်မြို့ရဲ့ အရှေ့ဘက် မြေသားလမ်းဖြောင့်ဖြောင့်ဖြူးဖြူး နဲ့ မြင်တော် စံပြကျေးရွာပါ။တောင်ကုန်းမြင့်ပေါ်မှာ တည်ထား တာပါ။

ရွာအရှေ့ဘက် အင်းကြီးက လည်း ဟံလင်းမြို့ ဟောင်းထိ လှေနဲ့ အရင်က သွားလို့ရပါတယ်။အင်းထဲကနေ လှေပေါ်ကကြည့်ရင် ဧရာဝတီနဲ့ စစ်ကိုင်းတောင်လို ကြည့်လို့ အလွန်လှတဲ့ ရွာပါ။ဒီအကြောင်းကို ကိုယ်တိုင် သိရှိလိုပါက ရွာကို လာရောက် မေးမြန်းလို့ ရပါတယ်။ရတနာဦး (ဝက်လက် )-CREDIT

Add a Comment

Your email address will not be published. Required fields are marked *