ဧရာဝတီစင်တာက ကိုဗစ်-၁၉ရောဂါပိုးရှိမရှိ စစ်ဆေးနိုင်သည့် မြို့နယ် ၃ ခုထပ်တိုးဖွင့်လှစ်

ဧရာဝတီစင်တာက ကိုဗစ်-၁၉ စစ်ဆေးနိုင်သည့် မြို့နယ် ၃ ခုထပ်တိုးဖွင့်လှစ်

ဧရာဝတီ Tests & Care စင်တာအနေနဲ့ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးနိုင်ဖို့ မြို့နယ် ၃ ခုထပ်မံတိုး မြှင့်လက်ခံလိုက်တဲ့အတွက် လက်ရှိမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက စုစုပေါင်း မြို့နယ် ၈ မှာ ပြည်သူတွေအနေနဲ့ စစ်ဆေးနိုင်ပြီ ဖြစ်ပါတယ်။ အစပိုင်းက သင်္ဃန်းကျွန်း၊ မင်္ဂလာတောင်ညွန့်၊ ရန်ကင်း၊ တာမွေ၊ တောင်ဥက္ကလာပမြို့နယ် ၅ ခုမှာ နေထိုင်တဲ့ ပြည်သူတွေကို ဧရာဝတီစင်တာမှာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနိုင်ဖို့ ခွင့်ပြုပေးထားခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဗဟန်း၊ မရမ်းကုန်းနဲ့ စမ်းချောင်းမြို့နယ် ၃ ခုကို ထပ်မံ တိုးမြှင့်လိုက်တာဖြစ်ပြီး အဆိုပါမြို့နယ်တွေမှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ ဒီကနေ့က စတင်ပြီးတော့ စစ်ဆေးနိုင်မှာ ဖြစ်ကြောင်း ဧရာဝတီဖောင်ဒေးရှင်းက နိုဝင်ဘာ ၂၃ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးနိုင်မယ့် Tests & Care ဧရာဝတီစင်တာကိုတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဦးဆောင်မှုနဲ့ အောက်တိုဘာ ၁၂ ရက်က စတင် ဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန်၊ သူနာပြုတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ဦးစားပေး စစ်ဆေးပေးခဲ့ကာ အနီးနားမြို့နယ် ၅ ခုက ကိုဗစ်-၁၉ ရောဂါ လက္ခဏာတွေ ခံစားနေရတဲ့ ပြည်သူတွေကိုပါ စစ်ဆေးပေးခဲ့တာပါ။

လက်ရှိအချိန်ထိ စင်တာအနေနဲ့ ရောဂါလက္ခဏာခံစားနေရသူ စုစုပေါင်း ၁၁,၀၀၀ ကျော်ကို ရောဂါပိုးရှိမရှိ စစ်ဆေးခဲ့ကာ ပိုးတွေ့ရှိသူတွေကို သက်ဆိုင်ရာ ကုသရေးစင်တာ၊ ဒါမှမဟုတ် ဆေးရုံတွေကို လိုက်လံပို့ဆောင်ပေးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

Tests & Care ဧရာဝတီစင်တာကိုတော့ နေ့စဉ်မနက် ၈ နာရီမှ ညနေ ၆ နာရီ အထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး ဖော်ပြပါဝက်ဘ်ဆိုက်လင့်ခ်- https://bit.ly/36UvIss ကနေတဆင့် ကာယကံရှင်ရဲ့ ကိုယ်ရေးအချက်အလက်တွေ ပြည့်ပြည့်စုံစုံ ဖြည့်သွင်းပြီး ကြိုတင်လျှောက်ထားရမှာ ဖြစ်ပါတယ်။

စစ်ဆေးမှုခံယူဖို့ အချက်အလက်ဖြည့်စွက်ပြီးသူတွေဆီကိုတော့ QR Code၊ Patient ID နဲ့ လာရောက်စစ်ဆေးရမယ့် နေ့ရက်၊ အချိန်တို့ကို ကာယကံရှင်ရဲ့ ဖုန်းနံပါတ်ဆီ အချိန်နဲ့ တပြေးညီ SMS စာတို ပေးပို့သွားမှာဖြစ်ပြီး သတ်မှတ်နေ့ရက်၊ အချိန်အတိအကျအတိုင်း သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ်က Tests & Care ဧရာဝတီ စင်တာမှာ လာရောက်စစ်ဆေးမှုခံရယူရမှာ ဖြစ်ပါတယ်။

လာရောက်တဲ့အချိန်မှာတော့ ဝန်ထမ်းကတ်၊ ဒါမှမဟုတ် မှတ်ပုံတင်တခုခု ပါရမှာ ဖြစ်ပြီး QR Code ၊ Patient ID မရှိသူတွေကို စင်တာမှာ လုံးဝ ဝန်ဆောင်မှုပေးသွားမှာ မဟုတ်ကြောင်းလည်း အသိပေးထားတာ ဖြစ်ပါတယ်။ အသေးစိတ်စုံစမ်းချင်တယ်ဆိုရင်တော့ အရေးပေါ် Hotline ဖုန်းနံပါတ်-014705555 နဲ့ အီးမေးလ်လိပ်စာ contact@ayacenter.info တို့ဆီ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး တကျော့ပြန်ကူးစက်မှုတွေနဲ့ အချိန် ၈ လတာ ရှိလာခဲ့ချိန်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိုးတွေ့လူနာအရေအတွက် ၈၀,၀၀၀ ကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၂၃ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ တနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၈၀,၅၀၅ ယောက်ရှိလာခဲ့ပြီ ဖြစ်ကာ သေဆုံးသူ ၁,၇၆၅ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူစုစုပေါင်း ၅၉,၈၈၈ ယောက် ရှိနေပါတယ်။

ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်တိုင်းက လူနာအရေအတွက် ၅၉,၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့လူနာ အများဆုံး ဖြစ်ကာ ဒုတိယနေရာမှာတော့ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းတွေက ပိုးတွေ့လူနာ ၄,၀၀၀ ကျော်စီ ရှိနေတာ ဖြစ်ပါတယ်။ credit-dvb

unicode












Related Posts

Leave a Reply

Your email address will not be published. Required fields are marked *