တရုတ်ဘက်သို့ရောင်းစားခံရသည့် အသက် ၁၄ နှစ်အရွယ် မြန်မာမိန်းကလေးကို ပြန်ကယ်ဆယ်နိုင်ရေး တရုတ်ရဲနှင့် ချိတ်ဆက်ဆောင်ရွက်နေ

တရုတ်ဘက်သို့ရောင်းစားခံရသည့် အသက် ၁၄ နှစ်အရွယ် မြန်မာမိန်းကလေးကို ပြန်ကယ်ဆယ်နိုင်ရေး တရုတ်ရဲနှင့် ချိတ်ဆက်ဆောင်ရွက်နေ
—— —— —— —– —–

ပထွေး၏အစ်မဖြစ်သူက ကလေးထိန်းအလုပ်လုပ်ရမည်ဟုဆိုကာခေါ်ဆောင်သွားပြီးနောက် တရုတ်နိုင်ငံဘက်သို့ ရောင်းစားခံရသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ ကင်းကျေးရွာမှ မိန်းကလေးငယ် မ– ကို ပြန်လည်ကယ်ဆယ်နိုင်ရေးအတွက် တရုတ်ရဲတပ်ဖွဲ့နှင့် ချိတ်ဆက် ဆောင်ရွက်နေကြောင်း မူဆယ်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းတွင် News Watch သို့ ပြောကြားသည်။

ယင်းမိန်းကလေးငယ် တရုတ်နိုင်ငံဘက်သို့ ရောင်းစားခံရသည်ကို မြန်မာ-တရုတ်နယ်စပ်၊ တည်းခိုခန်းတခုတွင် ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်တခု ဖေ့စ်ဘွတ်ခ်ပေါ်သို့ တက်လာမှသာ သိရှိရသည်ဟု ကင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးဦးမြင့်လွင်က နိုဝင်ဘာ ၂၈ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ပြောသည်။

ယင်းဗီဒီယိုဖိုင်ကို Kyaw Kyaw အမည်ဖြင့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူတဦးက နိုဝင်ဘာ ၂၆ ရက်နေ့၊ နံနက် ၁၁ နာရီခန့်တွင် တင်ခဲ့ခြင်းဖြစ်သည်။ ယင်းအကောင့်ပိုင်ရှင်က ”အဲဒီကလေးကို ကျွန်တော်တို့ အခန်းထဲခေါ်ထားတော့ တည်းခိုခန်းပိုင်ရှင်က သူ့လမ်းစရိတ်မပေးရသေးဘူးဆိုပြီး သော့ခတ်ထားတယ်။ အခန်းထဲမှာ တယောက်မှ မရှိတော့ဘူး။ ဘာမှမတတ်နိုင်ခဲ့ဘူး”ဟု ရေးထားသည်။

”သူ့ရဲ့အဒေါ်လို့တော့ ပြောလို့ရတယ်။ ကလေးမလေးရဲ့ ပထွေးရဲ့အစ်မပေါ့။ အဒေါ်အရင်းကြီးတော့ မဟုတ်ဘူးပေါ့နော်။ ကလေးမလေးပထွေးရဲ့ အစ်မကနေပြီးတော့ ကလေးထိန်းဖို့ဆိုပြီးတော့ ခေါ်သွားတာ။ ခေါ်သွားတာက အင်္ဂလိပ်လို ၁၉-၁၁-၂ဝ၁၉ ရက်ကပေါ့နော်။

အဲဒီလို ခေါ်သွားပြီးကတည်းက အဆက်အသွယ် လည်းမရဘူး။ ၂၆ ရက်နေ့ကျမှ လိုင်းပေါ်မှာတက်လာမှ သိရတာပေါ့”ဟု ဦးမြင့်လွင်က ပြောသည်။

ယင်းမိန်းကလေးငယ်၏အသက်မှာ ၁၄ နှစ်ဟု ဦးမြင့်လွင်၏ပြောပြချက်အရ သိရသည်။ မန္တလေးတိုင်း ဒေသကြီး၊ အမရ ပူရမြို့နယ်၊ ရွှေကြက်ယက်ရွာတွင် ကလေးထိန်းရမည်ဖြစ်ပြီး တလလျှင် တသိန်း နှစ်သောင်းရမည်ဟုဆိုကာ ခေါ်သွားခြင်းဖြစ်သည်ဟုလည်း ပြောသည်။ ရွှေကြက်ယက်ရွာမှတဆင့် နယ်စပ်ဘက်သို့ ခေါ်သွားခြင်းဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

မူဆယ်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက”ရောင်းစားဖို့ ခေါ်သွားတယ်ဆိုတာ။ သူ့အခြေအနေက ဟိုဘက်အထဲကို ပါသွားတယ်။ ဒီဘက်ကတော့ သူ့ကိုကယ်နိုင်ဖို့ အတတ် နိုင်ဆုံးတော့ ကြိုးစားနေပါတယ်ရှင့်။ ဘာဖြစ်လို့တုန်းဆိုတော့ ဟိုဘက်ကိုဝေးတဲ့နေရာကို ရောက်သွားတာဆိုတော့ ဒီဘက် က အဲဒီလိုပဲလှမ်းချိတ်နေရပါတယ်။ အခုအချိန်ထိတော့ ဘာမှတော့ မထူးသေးပါဘူး။ ပွဲစားတွေနဲ့ပါ သွားတာပါ”ဟု ပြောသည်။

တရုတ်ဘက်အခြမ်းမှ မည်သည့်မြို့နယ်သို့ခေါ်သွားသည်ကို မသိရကြောင်း၊ သတင်းပေးတိုင်ကြားသူက ပွဲစားနှစ်ဦးနှင့်ပါသွားသည်ဟု ပြောကြောင်းလည်း ယင်းတာဝန်ရှိသူက ရှင်းပြသည်။

”ကိုယ့်ရဲ့ မြန်မာပြည်မဟုတ်တဲ့အတွက် ချက်ချင်းကြီးသွားဖို့ကျတော့ အဆင်မပြေဘူး။ တရုတ်က တရုတ်နိုင်ငံ ရဲ့ဥပဒေရှိသေးတယ်လေ။ သူတို့နိုင်ငံ၊ သူတို့ရဲတွေနဲ့ချိတ်ဆက်ပြီးမှ လုပ်ရတာရှိတယ်။ အဲဒီလိုချိတ်ဆက်ပြီး တော့ပဲ ဆောင်ရွက်ထားတယ်”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ဗီဒီယိုဖိုင်တင်ခဲ့သည့် အကောင့်ပိုင်ရှင်က နိုဝင်ဘာ ၂၆ ရက်နေ့၊ ည ၉ နာရီကျော်တွင် ”ဒီည သူတရုတ်လက်ထဲ ပါသွားပြီ”ဟု ပို့စ်တခုထပ်တင်ခဲ့သည်။

ဗီဒီယိုဖိုင်ထဲတွင် ယင်းမိန်းကလေးငယ်နှင့်အတူ အမျိုးသားနှစ်ဦး၊ မိန်းကလေးငယ်ကို ခေါ်လာသည်ဟု ထင်ရသည့် အမျိုးသမီးနှစ်ဦးနှင့် တခြားအမျိုးသမီးတဦးတို့ပါဝင်သည်။ မိန်းကလေးငယ်က ”သူတို့နဲ့ ဆက်မလိုက်ချင်တော့ဘူး။ ကြောက်တယ်၊ ကြောက်တယ်”ဟု အမျိုးသားနှစ်ဦးရှေ့တွင်ပြောဆိုကာ ငိုယိုနေ သည်ကိုတွေ့ရသည်။

ယင်းအချိန်တွင် အမျိုးသမီးနှစ်ဦးထဲမှ တဦးရောက်လာကာ ”ငါတို့နဲ့ မလိုက်ချင်ဘူး ဟုတ်လား၊ ဘာဖြစ်လို့လဲ”ဟု မေးသည်။ မိန်းကလေးငယ်က ‘ကြောက်လို့’ဟု ပြန်ဖြေသည်။ ”ဘာဖြစ်လို့ ကြောက်တာလဲ”ဟု ယင်းအမျိုးသမီးက ပြန်မေးသည်။ ယင်းအမျိုးသမီးရှေ့တွင် မိန်းကလေးငယ်မှာကြောက်ရွံ့ နေသည့်ပုံစံဖြင့် တွေ့ရသည်။

အဒေါ်ဟုဆိုသူက မူဆယ်မှတဆင့် ယင်းအမျိုးသမီးနှစ်ဦးနှင့် ထည့်ပေးလိုက်ခြင်းဖြစ်သည်ဟုလည်း မိန်းကလေးငယ်က ပြောသည်။ အဒေါ်ဆိုသူ၏အမည်မှာ ဒေါ်စန်းမူဟုလည်း ပြောသည်။ အဒေါ်ဖြစ်သူ၏ ဖုန်းနံပါတ်ကိုသိသလားဟု အမျိုးသားနှစ်ဦးကမေးရာ ဝ၉-၇၉၇၇၉၁၉၄၈ ဟု ရွတ်ပြသည်။ ယင်းဖုန်းနံပါတ်ကို ဆက်သွယ်ကြည့်ရာ စက်ပိတ်ထားသည်။

မင်းထင်

Add a Comment

Your email address will not be published. Required fields are marked *