လွန်စွာ လေးစားဖွယ်ရာ ပဲခူးဆေးရုံအုပ်ကြီး ( ဒီလိုဆရာဝန်မျိုးများများ လိုအပ်ပါတယ်)

“လေးစားဖွယ်ရာ ပဲခူးဆေးရုံအုပ်ကြီး”- မြန်မာပြည်မှာ ဒီလိုဆရာဝန်မျိုးများများ လိုအပ်ပါတယ်

ညဘက် ညဘက်ဆို ပုဆိုးတိုတို ၊ အင်္ကျီကပိုကရိုနဲ့ ကရင်လွယ်အိတ် ဖားဖားကြီး လွယ်ပြီး ပဲခူးဆေးရုံအနှံ့ လမ်းလျှောက်နေတတ်တဲ့ လူတစ်ယောက်ရှိတယ်။ သူက တစ်ခါတစ်လေ အိမ်သာတွေထဲ ​ဝင်ပြီး အိမ်သာခွက်တွေကို ရေဆေးတယ်။ လူနာစောင့်တွေ ၊ လူနာတွေနဲ့လည်း ရယ်ကာ မောကာ စကားလက်ဆုံကြတတ်သေးတယ်။

သူ့ကို ကျွန်တော် တွေ့ခါစက “ခင်ဗျားတို့ ဆေးရုံက သန့်ရှင်းရေးသမားကို လူတွေက တယ်ခင်ကြပါလား..”ဆိုပြီး ပဲခူးမြို့ခံ သူငယ်ချင်း ကိုဖြိုးဗိုကို ပြောတော့ ခွက်ထိုးခွက်လန် ရယ်ပါလေရော..။

“အဲဒါ.. ကျွန်တော်တို့ ပဲခူးဆေးရုံအုပ် ဆရာဝန်ကြီး ဒေါက်တာ ရန်နိုင်မောင် ဗျ..” “ဗျာ..” သူ့အကြောင်းကို ကိုဖြိုးဗိုက ပြောပြတယ်။

“သူ ရောက်ခါစတုန်းက ပဲခူးဆေးရုံကြီးက ဒီလို ဘယ်ဟုတ်ပါ့မလဲ.. ညစ်ပတ်နေတာ.. ဆရာဝန်ကြီးက ဘာမပြော ညာမပြောနဲ့ သူ့ဇာတိရွာက အမျိုး ၁၀ ယောက်လောက်ကို ခေါ်ပြီး ဆေးရုံတစ်ဝင်းလုံး သန့်ရှင်းရေးလုပ်တော့တာ.. အိမ်သာတွေထဲဆို သူကိုယ်တိုင် ဝင်ဆေးတာ..

ဘယ်သူ့ကိုမှ ဘာလုပ်ပါဆိုပြီး မခိုင်းဘူး.. ဆရာဝန်ကြီးက အဲဒီလို ကိုယ်တိုင်လုပ်နေတော့ ကျန်တဲ့ ဝန်ထမ်းတွေရော ၊ ပြည်သူတွေပါ မနေနိုင်တော့ဘူး အကိုရေ.. ဝင်ကူညီရတော့တာပဲ..”

“တယ်ဟုတ်ပါလား..” “အခုဆို ပဲခူးဆေးရုံကြီးတစ်ခုလုံး သန့်ပြန့်နေတာသာ ကြည့်တော့.. ဆေးရုံအနောက်ဘက်တွေပါ သန့်ရှင်းနေတာနော်.. ယုတ်စွအဆုံး မိလ္လာကန်တွေ အပေါ်မှာတောင် (လူတွေက အမှိုက်ပစ်လို့ဆိုပြီး) ဆရာဝန်ကြီးက ငှက်ပျောပင်တွေ စိုက်ထားတာ ခုဆို စိမ်းစိုနေတာပဲ..” ကိုဖြိုးဗိုက ဂုဏ်ယူဟန်နဲ့ပြောတယ်။

“သူရောက်ပြီးမှ အရာအားလုံး ပြောင်းလဲသွားတာဗျ… ဆေးရုံ အပေါ်ထပ်အထိ လူနာတွေကို တွန်းတင်လို့ရတဲ့ လျောက်လမ်းတွေဖောက်တယ်။ ဆေးရုံရဲ့ လူသွားစင်္ကြန်တွေမှာ ဖြစ်သလို အိပ်စက်နေရရှာတဲ့ လူနာစောင့်တွေ အတွက် လူနာစောင့် နားနေဆောင်တွေ ဆောက်ပေးတယ်.. ဆေးရုံကိုလာတဲ့ ဆိုင်ကယ်တွေ ခဏခဏပျောက်လို့ ဆိုင်ကယ်ရပ်နားဆောင် ဆောက်ပေးတယ်.. လူနာစောင့်တွေရဲ့ ပိုက်ဆံအိတ် ၊ ဖုံးတွေ မကြာခဏ အခိုးခံရလို့ လုံခြုံရေးတွေ ငှါးရမ်းပေးထားတယ်.. သွေးအလှူရှင်အသင်းတွေ ၊ ကယ်ဆယ်ရေးအသင်းတွေ နာရေး ကူညီမှုအသင်းတွေ ပရဟိတ အသင်းတွေနဲ့ မကြာခဏ တွေ့ဆုံပြီး ချိတ်ဆက်တယ်..

အမြို့မြို့ အနယ်နယ်မှာ Food Box တွေ လုပ်ကြတာ ခေတ်စားတုန်းက ကျွန်တော်တို့ ပဲခူး ဆေးရုံကြီးမှာ ဆရာဝန်ကြီးက Medicine Box ဆိုပြီး လုပ်ပေးလိုက်တယ်။

ဆေးရုံဆင်းတဲ့ လူနာတွေ ဆီက ပိုတဲ့ ဆေးတွေရယ် ၊ တခြားအလှူရှင်တွေ လာလှူတဲ့ ဆေးတွေရယ်ကို ဒီ Box ထဲမှာ အလှူခံတယ်.. ရလာတဲ့ဆေးတွေကို ဆရာဝန်တွေက စစ်ဆေးပြီး မရှိတဲ့ လူနာတွေအတွက် ပြန်သုံးစွဲတယ်.. ခုချိန်ထိ Medicine Box ကဆေးတွေကို သုံးနေရတုန်းပဲ..

“ကောင်းလှချည်လား..ကိုဖြိုးဗိုရေ..”

“ဒါတင်ဘယ်ကသေးမလဲဗျာ.. တစ်နိုင်ငံလုံးက ဆေးရုံတွေမှာ မကြာခဏ ပစ္စည်းပြတ်သွားတတ်တဲ့ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးဆိုတာ ကျွန်တော်တို့ ပဲခူးဆေးရုံကြီးမှာ အလျှံအပယ်ပဲ..” “ဘယ်လိုကြောင့်လဲဗျ..”

“ပထမတော့ ​ခွေးကိုက်ခံရတဲ့လူနာတွေကို အစိုးရချပေးတဲ့ ဆေးတွေနဲ့ ဆရာဝန်ကြီးက အခမဲ့ ဆေးထိုးပေးတယ်.. နောက်ပိုင်း မနိုင်တော့ဘူးလေ.. တစ်နေ့ တစ်နေ့ ရာချီတာကိုး.. ဆေးပြတ်တာတွေ မကြာခဏဖြစ်လာတော့ မြို့ပေါ်က ဆေးဆိုင်ပိုင်ရှင်တွေနဲ့ မြို့မိမြို့ဖတွေကို အစည်းအဝေးခေါ်တယ်..

‘ဘယ်ဆေးဆိုင် ပိုင်ရှင်က ခွေးရူးပြန်ကာကွယ်ဆေးကို ဈေးအနည်းဆုံး ထားပေးမလဲခင်ဗျာ..ဆိုပြီး မေတ္တာရပ်ခံတော့ ပဲခူးမြို့ပေါ်က နာမည်ကြီး ဆေးဆိုင်ကြီး ၃ ဆိုင်က အရင်းအတိုင်းပြန်ရောင်းပေးကြမယ် ဆိုပြီး ကတိပေးတယ်..

အဲဒီမှာ ကျောင်းဆရာ အငြိမ်းစားတစ်ဦးကို ငွေကိုင် စာရင်းကိုင်တာဝန်ပေးပြီး ခွေးကိုက်ခံရလို့ ပထမတစ်ကြိမ် ကာကွယ်ဆေးထိုးရင် Free နောက်အကြိမ်တွေမှာ တစ်ခါထိုး ခြောက်ထောင်ငါးရာ အလှူခံမယ်.. မပေးနိုင်လည်း မပေးနဲ့ .. (ဒဏ်ရာပြင်းရင် ထိုးရတဲ့ တခြားဆေးတွေလည်း Free ထိုးပေးတယ်..) ခွေးရူးပြန်ကာကွယ်ဆေးအတွက် ပြင်ပကနေ လှူချင်လည်း လှူနိုင်တယ် ဆိုပြီး ကော်မတီဖွဲ့လိုက်တာ ဘယ်တော့မှ ဆေးမပြတ်တော့ဘူး..

အခု ဒီဇင်ဘာလ တစ်လထဲတင် ခွေးကိုက်ခံရတဲ့ လူပေါင်း နှစ်ထောင်ကျော်ကို ပဲခူးဆေးရုံမှာ ကာကွယ်ဆေး ထိုးပေးနိုင်ခဲ့တယ်..” “မနည်းပါလားဗျာ. သာဓု သာဓု သာဓု… ပြင်ပမှာ ထိုးရင် ကိုးသောင်း တစ်သိန်းကုန်တာဗျ..”

“ဆရာဝန်ကြီးက ကောင်းတော့ ပဲခူးတစ်မြို့လုံး သူ့အနောက်မှာ ရှိတယ်.. ဘာလုပ်ချင်လည်း ဝန်းရံဖို့ ၊ လှူဖို့ အဆင်သင့်ပဲ.. ပဲခူးဆေးရုံကြီးမှာ ခေတ်မီ စက်ပစ္စည်းတွေလည်း အစိုးရချပေးတာ အပြင် အလှူရှင်တွေရဲ့ အားနဲ့ အများကြီး တပ်ဆင်လာနိုင်တယ်.. အောင်သုခ ဆရာတော်ကြီး ကောင်းမှုနဲ့ ၄ ထပ် အဆောင်သစ်ကြီး တစ်ဆောင်လည်း ဟီးနေအောင် ဆောက်နေတယ်ဗျ.. ဘာလုပ်လုပ် မြို့နေ ပြည်သူတွေကို အစည်းအဝေးခေါ် တိုင်ပင်ပြီးမှ လုပ်တာ. သူ့လက်သုံးစကားကိုက ပြည်သူဗဟိုပြုစနစ်တဲ့..”

“ကောင်းဗျာ.. .ဒါနဲ့ သူ့ကို တိုက်ခိုက်တဲ့သူရော မရှိဘူးလား..”

“ရှိတာပေါ့ဗျာ..သူ့ကို တိုက်ခိုက်တဲ့သူဆို သူက ပိုပြီးတောင် များများ တွေ့ဆုံသေးတယ်.. ဘာကြောင့် သူ့ကို တိုက်ခိုက်တာလဲ .. ဝေဖန်တာလဲ .. သူ ဘယ်နေရာ မှားနေလဲ သူ ဘာတွေ ပြင်ပေးရမလဲ ​မေးတယ်.. အကြိမ်ကြိမ် မျက်နှာချင်းဆိုင် ဆွေးနွေးပြီး ညှိနှိုင်းဆောင်ရွက်တာဆိုတော့ နောက်ဆုံး သူနဲ့ လက်မတွဲတဲ့သူဆိုတာ မရှိတော့ဘူး..

အခုဆို ပဲခူးတစ်မြို့လုံး သူမှသူ ပဲ.. သူ့ကိုချစ်စနိုးနဲ့ ကိုကြီး ရန်လို့ ခေါ်ကြတယ်.. ဆေးရုံကိစ္စတင်မဟုတ်ဘဲ ပဲခူးမြို့ရဲ့ တစ်ခြားသော အရေးကိစ္စတွေမှာပါ ကိုကြီးရန်ကို အားကိုးတကြီး တိုင်ပင်လာကြတယ်ဗျိုး..”

ကိုဖြိုးဗိုနဲ့ အတူ စကားတပြောပြောနဲ့ ​ဆေးရုံထဲလျောက်ကြည့်ရင်း ပဲခူးဆေးရုံကြီးရဲ့ နှစ်သစ်ဦး အလှူ မဏ္ဍပ်ရှေ့ကို ရောက်လာပါတယ်။

သူနာပြုလေးတွေက စားပွဲထိုးနေတယ်.. ဒုတိယဆေးရုံအုပ်ကြီးနဲ့ သူနာပြု ဆရာမကြီးတွေ ဆရာဝန်တွေက ပြုံးပြုံး ပြုံးပြုံးနဲ့ ထမင်းတွေ လိုက်ဖြည့်ပေးနေတယ်.. ဆရာဝန်ကြီး ဒေါက်တာ ရန်နိုင်မောင်ကတော့ လာသမျှလူတိုင်းကို ခေါင်းလေးညွှတ်ပြီး ရိုသေလေးစားစွာနဲ့ နှုတ်ခွန်းဆက်နေပါတယ်။

ဒီမြင်ကွင်းကိုကြည့်ပြီး ကိုဖြိုးဗိုက တစ်ကိုယ်တည်း ပြောတယ်..။ “သူများ တိုင်းနဲ့ပြည်နယ်တွေမှာ ဘယ်ပုဂ္ဂိုလ်က ဘယ်လို ဆိုပြီး လာကြွားရင် ကျွန်တော်တို့ ပဲခူးသားတွေလည်း ငါတို့မှာ ဆရာဝန်ကြီး ဒေါက်တာ ရန်နိုင်မောင် ရှိတယ်ဟေ့ ဆိုပြီး ပြန်ပြောလို့ ရပါတယ်.. ဆရာဝန်ကြီးဟာ ကျွန်တော်တို့ ပဲခူးအတွက်တော့ ရတနာတစ်ပါးပါပဲ..”

ပဲခူးတိုင်းသား ဖြစ်သော ကျွန်တော့် ရင်ထဲမှာ ပီတိဖြာလျှက်..

ရေးသားသူ – ကိုစိုးထိုက်(ဖဒို)

Add a Comment

Your email address will not be published. Required fields are marked *