Hong Kong နှင့် တရုပ်ပြည်မကြီးအတွင်း ဝင်ထွက်သွားလာနေကြသော မြန်မာသဘော်သားများ သတိပြုနိုင်ရန်….

Hong Kong နှင့် တရုပ်ပြည်မကြီးအတွင်း ဝင်ထွက်သွားလာနေကြသော မြန်မာသဘော်သားများ သတိပြုနိုင်ရန်….

ဗိုင်းရပ်ပိုးတမျိုး တရုတ်ပြည်မှာ ပျံ့နေ “မူလရင်းမြစ် အမျိုးအမည် မသိသေးသော နမိုးနီးယား ပျံ့နှံ့မှု”ကြောင့် လူ ၄၄ ဦး သေဆုံးသွားကြောင်း တရုတ်ကျန်းမာရေး အာဏာပိုင်များက ကြေညာအပြီး ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရာတွင် အာရှနိုင်ငံများက ပါဝင်လာကြသည်။ အဆိုပါ ရောဂါပိုး ပျံ့နှံ့မှုသည် လွန်ခဲ့သော ၁၇ နှစ်ခန့်က ဖြစ်ပွားခဲ့သော SARS ဆားစ်ဗိုင်းရပ်ပိုး ကူးစက်မှုကြောင့် လူရာချီသေဆုံးရမှုကို ပြန်အမှတ်ရ စိုးရိမ်ဖွယ် ဖြစ်သည်။

ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်၊ တောင်ကိုးရီးယား၊ စင်ကာပူနှင့် မလေးရှား လေဆိပ်များတွင် ကိုယ်ပူချိန် တိုင်းတွာစက်များ တိုးမြှင့်ချထားခြင်းအပြင် နယ်ခြားဖြတ်ကျော် ကျန်းမာရေး စစ်ဆေးမှုကို အထူးသဖြင့် ရောဂါဖြစ်ပွားရာ တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘဲ့ခရိုင် ဝူဟန်မှ လာသော လေယာဉ်တိုင်းကို ကြပ်မတ်သည်။ သောကြာနေ့တွင် တရုတ်အာဏာပိုင်များက အဖျားကြီးခြင်း၊ အသက်ရှုကျပ်ခြင်းအပါအဝင် အဆုတ်တွင် ရောဂါပိုးကူးခံထားရသော လက္ခဏာဖြင့် အသည်းအသန် ဝေဒနာခံစားနေသူ လူနာ ၁၁ ဦးရှိကြောင်းလည်း ပြောသည်။

ဟောင်ကောင်ကျန်းမာရေး အာဏာပိုင်များသည်လည်း ဟောင်ကောင်မှ ရထားဖြင့် ၄ နာရီမျှသာ ဝေးသော ဝူဟန်မြို့သို့ သွားလည်အပြီး အဖျားနှင့် အဆုတ် ဝေဒနာ တဖြည်းဖြည်း ခံစားလာနေသူ ၅ ဦးကိုလည်း အထူးကြပ်မတ်ကုသပြီး စောင့်ကြည့်ခဲ့ရသည်။ ၂ ဦးမှာ လုံးလုံး နာလန်ထူပြန်ထူနိုင်ခဲ့ပြီး ဆေးရုံက ဆင်းရကာ တတိယလူနာမှာ ဆားစ်၊ တုပ်ကွေး လက္ခဏာ မတွေ့ရပေ။ ကျန် ၂ ဦးမှာမူ ဆေးစစ်ချက်များ စောင့်နေရကြောင်း သောကြာနေ့က ပြောသည်။ “စုံစမ်းစစ်ဆေးမှုက ဆက်လုပ်နေပါတယ်။ ဘယ်ရောဂါပိုးက ဒီအဖျားကို ဖြစ်စေခဲ့သလဲဆိုတာ အာဏာပိုင်တွေ မပြောနိုင်သေးပါဘူး” ဟု

တရုတ်နိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ အကြီးတန်း အကြံပေးတဦးက South China Morning Post သတင်းစာကို ပြောဆိုခဲ့ပြီး ယခု ရင်ဆိုင်နေရသော အခြေအနေကို ကိုင်တွယ်ရန် အဖွဲ့တဖွဲ့ကို ဖွဲ့စည်းထားကြောင်းလည်း ဆိုသည်။ “ရောဂါရှာဖွေရေး စနစ်တွေကို အလေးအနက်ထားတယ်ဆိုတာ သေရှာစေဖို့ပါ။ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဖွင့်ထားပါတယ်။

ဒေသတွင်း သတင်းပေးပို့မှု မြန်ဆန်ပါတယ်”ဟုလည်း ၎င်းက ဆိုသည်။ ဟောင်ကောင်တက္ကသိုလ်မှ မိုက်ခရိုဇီဝဗေဒ ပညာရှင် ယွမ်ကော့ယွန်က ဟောင်ကောင်သတင်းဌာနများသို့ ဗုဒ္ဓဟူးနေ့က ပြောရာတွင် ဝူဟန်၌ ရောဂါပိုး ပျံ့နှံ့နေပေုံမှာ ၁၉၉၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ငှက်တုပ်ကွေးနှင့် SARS ရောဂါပိုးပြန့်ပွားပုံနှင့် အလားသဏ္ဍာန် တူကြောင်း ပြောသည်။

တိရိစ္ဆာန်များမှ ရောဂါပိုး သယ်ဆောင်နိုင်သည့် အခွင့်အလမ်းလည်း ရှိနေကြောင်း ပြောသည်။ “အခုထိတော့ ထူးထူးခြားခြား ဘာမှ မသတ်မှတ်နိုင်သေးဘူး”ဟု ယွမ်ကော့ယွန်က ပြောဆိုပြီး လူထုကို စိတ်မပူရန်လည်း တိုက်တွန်းသည်။ ၂၀၀၂ ခုနှစ်က တရုတ်တောင်ပိုင်းတွင် အသက်ရှုလမ်းကြောင်းစနစ်ကို အပြင်းအထန် ထိခိုက်ခံစားရသော ဆားစ် SARS ရောဂါပိုး ပြန့်ပွားကူးစက်မှုကြောင့် လူ ၈ ထောင် ဝေဒနာ ခံစားရပြီး ၇၇၅ ယောက် ကမ္ဘာတဝန်း သေဆုံးခဲ့သည်။ ထိုအချိန်က တရုတ်ကျန်းမာရေးဝန်ကြီး ဖြစ်ခဲ့သော

ကျန်ဝမ်ကန်းကို ဆားစ်ရောဂါ ဝေဒနာရှင် ဦးရေအားလုံးအား သတင်းမပို့ခဲ့ဟု WHO က ဝေဖန်အပြီး ရာထူးမှ ဖယ်ရှားခဲ့သည်။ ဝူဟန်တွင် ရောဂါခံစားနေရသူတို့အား သီးသန့်ခွဲထုတ်ထားပြီး ၎င်းတို့နှင့် နီးစပ်သူများအား ကျန်းမာရေးစမ်းသပ်စစ်ဆေးနေသည်။ ဝူဟန်မြူနီစပယ် ကျန်းမာရေးကော်မရှင်၏ အဆိုအရ ကနဦးစမ်းစစ်ချက်များတွင် လူအချင်းချင်းကြား ကူးစက်မှု မတွေ့ရဘဲ ကျန်းမာရေးဝန်ထမ်းများကိုလည်း မကူးစက်ဟု သိရသည်။ ကူးစက်ခံရသူ လူနာအများစုမှာ ပင်လယ်စာ လက်ကားဈေးတွင် အလုပ်လုပ်သူများ ဖြစ်ကြောင်း သိရသည်။

ဒေသတွင်း မီဒီယာများက ယခုအခါ ပိတ်ထားပြီဖြစ်သော ထိုဈေးတွင် ယုန်၊ မြွေနှင့် ရစ်ငှက်များကဲ့သို့ တောရိုင်းတိရိစ္ဆာန်များအားလည်း ရောင်းကြောင်း ဆိုသည်။ တရုတ်နိုင်ငံ၏ အမျိုးသားကျန်းမာရေးကော်မရှင်မှ ကျွမ်းကျင်သူ အဖွဲ့တဖွဲ့သည် ထိုဈေးသို့ သွားရောက်ပြီး “လတ်တလော လိုအပ်သည့် ကွင်းဆင်းစစ်ဆေးမှုနှင့် ရှင်းလင်း အတည်ပြုခြင်းများ” လုပ်နေသည်ဟု နိုင်ငံပိုင်မီဒီယာ CCTV က ဆိုသည်။

“လက်ရှိ ရောဂါပြန့်ပွားမှု အကြောင်းရင်းက မသဲကွဲ။ အွန်လိုင်း ကောလာဟလများ ပြောဆိုနေသလို ဆားစ်ဗိုင်းရပ်ဟု အတည်မပြုနိုင်”ဟု နိုင်ငံပိုင် ပြည်သူ့နေ့စဉ် သတင်းစာကလည်း ရေးသည်။ ရောဂါအကြောင်း သတင်းမှားများ ဖြန့်ချိသောကြောင့် လူ ၈ ဦးကို ထိန်းသိမ်းထားကြောင်း ဝူဟန်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ထိုင်ဝမ်တွင် ဝူဟန်မှ လေယာဉ်စီး ခရီးသွားများအား ကျန်းမာရေးစစ်ဆေးမှု ပိုမို ကြပ်မတ်သည်။

လေယာဉ်မထွက်ခွာမီ ကျန်းမာရေးဝန်ထမ်းများ လေယာဉ်အတွင်း ဝင်ရောက်စစ်ဆေးခြင်း၊ ကျန်းမာရေးအသိပေး နှိုးဆော်ခြင်းများ ပြုလုပ်လျက်ရှိသည်။ ရောဂါပိုး ထိန်းချုပ်ရေး ထိုင်ဝမ်စင်တာ၏အဆို ဝူဟန်တွင် လေယာဉ်ပြောင်းစီးခဲ့သော ၆ နှစ်သား ကလေးငယ်တဦး အဖျားဝင်နေပြီး အိမ်တွင် စောင့်ကြည့်နေကြောင်း သိရသည်။ ဝူဟန်နှင့် တနေ့ ၂ ကြိမ် လေယာဉ်ပျံသန်းသော မကာအိုတွင်လည်း နှစ်ကူးနေ့မှ စတင်ပြီး ဝင်လာသူတိုင်းကို အပူချိန်တိုင်း ကျန်းမာရေး စစ်ဆေးခဲ့သည်။ တောင်ကိုးရီးယားတွင်လည်း အလားတူ ကျန်းမာရေးစစ်ဆေးနေသည်။

စင်ကာပူတွင် သောကြာနေ့က စသည်။ မလေးရှားတွင်လည်း အပူချိန်တိုင်းစက်များ တပ်ဆင်ထားကြောင်း ကြေညာသည်။ တရုတ်နိုင်ငံ၏ အခြားဒေသများမှ လာရောက်သူများကိုမူ ဒေသတွင်း အစိုးရများက ကျန်းမာရေးစစ်ဆေးမှု မတင်းကျပ်ပေ။ ကိုးကား ။ ။ Nikkei Asian Review credit: ဧရာဝတီ သတင်းဌာန

Add a Comment

Your email address will not be published. Required fields are marked *