ကျိုက်ထိုမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ငွေတိုက်အတွင်း ကျပ်သိန်း ၄၀၀၀ ခန့်ကွာဟမှုဖြင့် ၀န်ထမ်း(၁)ဦးအား အမှုဖွင့်

ကျိုက်ထိုမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ငွေတိုက်အတွင်း ကျပ်သိန်း ၄၀၀၀ ခန့်ကွာဟမှုဖြင့် ၀န်ထမ်း(၁)ဦးအား အမှုဖွင့်

ကျိုက်ထိုမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၏ ငွေတိုက်အတွင်းရှိငွေ ကျပ်သိန်း ၄၀၀၀ ခန့် ကွာဟနေမှုဖြင့် ဘဏ်ဝန်ထမ်း တစ်ဦးအား မေ ၁၄ ရက်က အမှုဖွင့်ထားကြောင်း ကျိုက်ထိုမြို့မရဲစခန်းမှ သိရသည်။ “မနေ့ (မေ ၁၄ ရက်) က ကျိုက်ထိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်က ငွေတိုက်ထဲမှာ ငွေကွာဟနေမှုနဲ့ ပတ်သက်လို့

စခန်းမှာ အမှုဖွင့် တိုင်ကြားထားပါတယ်။ အမှုနဲ့ ပတ်သက်လို့ အခုအချိန်အထိ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ ငွေပမာဏကတော့ ကျပ်သိန်း ၄၀၀၀ ခန့်ပါ။ သထုံခရိုင် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာကနေ တရားလို ပြုလုပ်ပြီး တိုင်ကြားထားတာပါ။ အမှုဖွင့် တိုင်ကြားခံရတဲ့ သူကတော့ တိမ်းရှောင်နေပါတယ်” ဟု

ကျိုက်ထိုမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။  ဖြစ်စဉ်မှာ မေ ၁၄ ရက် နံနက်ပိုင်းက ကျိုက်ထိုမြို့ တောင်သူစုရပ်ကွက်ရှိ ကျိုက်ထိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်အတွင်း ထားရှိသော ငွေတိုက် ဖွင့်ရမည့်အချိန်တွင် ကျိုက်ထိုမြို့နယ် ဖက္ကလိပ်ကျေးရွာနေ မြန်မာ့စီးပွားရေးဘဏ် (ကျိုက်ထို) မှ

ငွေကိုင် (၃) ဖြစ်သူ ကျော်မိုးဝင်းမှာ ရောက်မလာသည့်အတွက် ဖုန်းဆက်ရာ ဖုန်းမကိုင်ကြောင်း၊ မြန်မာ့စီးပွားရေးဘဏ် (ကျိုက်ထို) မှ ကြီးကြပ်ရေးမှူး ဒေါ်ခင်အေးမော်ညွန့်က အိမ်သို့ လိုက်ကြည့်ရာ ကျော်မိုးဝင်း၏ အမေဖြစ်သူနှင့်သာ တွေ့ရပြီး ကျော်မိုးဝင်းမှာ မေ ၁၃ ရက် ည ၇ နာရီခွဲခန့်တွင် နေအိမ်မှ ထွက်သွားပြီး

ပြန်မလာသေးကြောင်းကို ပြောကြားခဲ့ကြောင်း၊ ထို့နောက် ဒေါ်ခင်အေးမော်ညွန့်က ကျော်မိုးဝင်း၏ အိပ်ခန်းအား ဝင်ကြည့်ရာ အိပ်ယာပေါ်တွင် ငွေတိုက် သော့အိတ်အားတွေ့ရ၍ ယူလာခဲ့ကြောင်း၊ အချက်အလက်များအား မြန်မာ့စီးပွားရေးဘဏ် (ကျိုက်ထို) မြို့နယ်မန်နေဂျာ မှတစ်ဆင့် သထုံခရိုင် မြန်မာ့စီးပွားရေးဘဏ်

မန်နေဂျာ ဒေါ်ရှင်မြင့်ထွေးထံ သတင်းပို့ပြီးနောက် ပြည်နယ် မန်နေဂျာထံသို့ ဆက်လက် သတင်းပေးပို့ခဲ့ကြောင်း ကျိုက်ထိုမြို့မရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။ ထို့နောက် သထုံခရိုင် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်ရှင်မြင့်ထွေးက ပြည်နယ် မန်နေဂျာ၏ လမ်းညွှန်မှုအရ ကျန်ရှိသည့် ငွေတိုက်သော့ကိုင်

နှစ်ဦးဖြစ်သည့် မြို့နယ်မန်နေဂျာ ဦးညွန့်လှိုင်၊ ကြီးကြပ်ရေးမှူး ဒေါ်ခင်အေးမော်ညွန့်တို့အား ဒုကြီးကြပ်ရေးမှူး နှစ်ဦးနှင့်အတူ ငွေတိုက်အား ဖွင့်လှစ်စေခဲ့ပြီး တစ်နေ့တာ ငွေကြေး လည်ပတ်နိုင်ရန်အတွက် ငွေကြေးများ ထုတ်ယူခဲ့ရာ မသင်္ကာဖွယ်အချက်များအား တွေ့ရှိရကြောင်း၊ မြို့နယ် မန်နေဂျာက သထုံခရိုင်

မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်ရှင်မြင့်ထွေးထံ ဖုန်းဖြင့် ထပ်မံ သတင်းပို့ခဲ့ရာ ပြည်နယ် မန်နေဂျာထံသို့ ထပ်မံ သတင်းပို့ခဲ့ကြောင်း၊ ပြည်နယ် မန်နေဂျာ၏ လမ်းညွှန်မှုအရ နံနက် ၁၁ နာရီတွင် သထုံခရိုင် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်ရှင်မြင့်ထွေးနှင့်အဖွဲ့က မြန်မာ့စီးပွားရေးဘဏ် (ကျိုက်ထို) ငွေတိုက်အား

သွားရောက် စစ်ဆေးခဲ့ရာ ညနေ ၅ နာရီအထိ ငွေတိုက်အတွင်း လျော့နည်းငွေ ကျပ်သိန်း ၄၀၀၀ ခန့် ကွာဟနေမှုအား စိစစ်တွေ့ရှိရကြောင်းနှင့် ဖြစ်စဉ်နှင့် ပတ်သက်၍ လုပ်ငန်းခွင်သို့ ပြန်လည် ရောက်ရှိလာခြင်း မရှိသော ငွေကိုင် (၃) ကျော်မိုးဝင်းအပေါ် အမှုဖွင့် အရေးယူပေးပါရန်

သထုံခရိုင် မြန်မာ့စီးပွားရေးဘဏ်  မန်နေဂျာ ဒေါ်ရှင်မြင့်ထွေးက တိုင်ကြားခဲ့ကြောင်း ကျိုက်ထိုမြို့မရဲစခန်း မှ သိရသည်။ အဆိုပါ မြန်မာ့စီးပွားရေးဘဏ် (ကျိုက်ထို) ရှိ ငွေတိုက်အတွင်းမှ ငွေကျပ်သိန်း ၄၀၀၀ ခန့် စာရင်း ကွာဟနေမှုနှင့် ပတ်သက်ပြီး

ကျိုက်ထိုမြို့မရဲစခန်းက ငွေကိုင် (၃) ကျော်မိုးဝင်းအပေါ် (ပ) ၂၃၅၁/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၄၀၉ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။CREDIT-ELEVEN MEDIA

Add a Comment

Your email address will not be published. Required fields are marked *